မိမိ နှစ်သက်သော စာပေ နှင့် နှိုင်ငံခြားရုပ်ရှင်ဇာတ်ကားများကို စုစည်းထားပါသည်။.....

Wednesday 16 January 2013

ပေါက်စအရွယ်လေးကတည်းက ငါ့ရဲ့အပြုအမူတွေဟာ နင့်ကိုပျော်ရွှင်စေခဲ့တယ်။ ငါဟာ နင့်ရဲ့အသွေးအသား နင့်ရဲ့အသဲနှလုံးပေါ့။ နင့်ရဲ့ခေါင်းအုံးတွေ ငါခွဲစိတ်ခဲ့တာ မနည်းသလို နင့်ရဲ့ဖိနပ်လည်း ငါဝါးခဲ့တာမနည်းဘူး။ ဒါတောင် ငါတို့ဟာ အကောင်းဆုံး သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်။ ငါ “ဆိုး” ပြီဆိုရင် ငါ့ကို နင်လက်ညိုးကောက်ကောက် ထိုးပြီး “မင်း.. လုပ်ရက်တယ်”လို့ အော်တယ်။ ပြီးတော့ မအောင့်အီးနိုင်တဲ့ပုံစံနဲ့ ငါ့ကို ကလိထိုးတော့တယ်။


နင့် အငွေ့အသက်ကိုရှု၊ နင့်အိပ်ရာမှာအိပ်ပြီး နင့်ရဲ့လျှို့ဝှက်ချက်တွေ၊ ယောင်ယမ်းတဲ့အိပ်မက်စကားတွေကို နားထောင်ခဲ့တဲ့ ညတွေကို ငါမှတ်မိနေတယ်။ ဘယ်လောက်လှပလိုက်တဲ့ နေ့ရက်တွေလဲနော်။ ငါတို့ လမ်းအတူလျောက်ကြတယ်။ အတူပြေးကြတယ်။ ကားအတူ စီးကြတယ်။ ရေခဲမုန့်တွေ အတူဝယ်စားကြတယ်။ (ရေခဲမုန့်ကို နင်အမြဲစားပြီး ငါ့အတွက်ကျတော့ မုန့်ထည့်တဲ့ကန်တော့လေးပဲ ချန်ပေးတယ်။ “ရေခဲမုန့်က ခွေးနဲ့မတည့်ဘူး” လို့ နင်ပြောခဲ့တယ်) နင်အလုပ်သွားတဲ့အချိန်တွေမှာ နေပူဆာလှုံရင်း မနိုးတစ်ဝက် နိုးတစ်ဝက်အအိပ်နဲ့ နင့်အပြန်ကို ငါစောင့်ခဲ့တယ်။ တစ်ခါတလေ နင့်ကို ငါအိပ်မက်မက်တယ်။ တစ်ခါတလေ နင့်ကို သတိရနေတယ်။

တစ်နေ့ထက်တစ်နေ့ နင်အလုပ်တွေ ပိုများလာခဲ့တယ်။ အလုပ်အပြင် ဘ၀ဖော်ကိုပါ နင်ရှာလာခဲ့တယ်။ နင်အသည်းကွဲတဲ့အခါ၊ စိတ်ပျက်အားငယ်တဲ့အခါ နှစ်သိမ့်ဖို့ နင်အိမ်အပြန်ကို ငါက စောင့်နေတုန်းပဲ။ နင်မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ငါ နှုတ်ဆိတ်ပြီး အားပေးနေခဲ့တယ်။ နင်ပြန်လာရင် ငါပျော်တယ်။ နင့်ဆီက ချစ်သက်ရနံ့လေးတွေရရင် ငါပိုပျော်တယ်။

သူက အခုတော့ နင်ရဲ့ဇနီးမယားချောလေးပေါ့။ ငါ့ကို သူ မနှစ်သက်ပေမယ့် အရှင်သခင်မအသစ်ကို ငါကြိုဆိုခဲ့ပါတယ်။ သူ့အမိန့်တွေကို ငါနာခံခဲ့တယ်။ ငါ့ရဲ့ချစ်ခင်မှုတွေကို ပြခဲ့တယ်။ နင်ပျော်ရင် ငါပျော်တယ်။ နင့်ရဲ့မျိုးဆက်တွေ တစ်ယောက်ပြီးတစ်ယောက် ထွန်းကားလာတော့ နင်နဲ့အတူ ငါပျော်ခဲ့တယ်။ သူတို့ရဲ့ နူးညံ့တဲ့ပါးအို့နီလေးကိုကြည့် သူတို့ရဲ့အနံ့အသက်ကိုရှုရှိုက်ရင်း ငါ့ကိုယ်ငါ မိဘတစ်ဦးလို ခံစားခဲ့မိတယ်။ ငါလည်း သူတို့ကို ပြုစုစောင့်ရှောက်ချင်တာပေါ့။ ဒါပေမယ့် သူနဲ့နင်က ကလေးတွေအတွက် အစိုးရိမ်လွန်ပြီး ငါ့ကို အလုပ်ခန်းထဲ ဒါမှမဟုတ် လှောင်အိမ်ထဲ ထည့်ထားကြတယ်။ အင်း... သူတို့ကို ငါ ဒီလောက်ချစ်တာ... အချစ်ကြောင့် ငါဟာ အချုပ်အနှောင်ခံရပြီလေ။

ကလေးတွေ တဖြေးဖြေးကြီးလာတော့ ငါဟာ သူတို့ရဲ့အဖော်ကောင်းဖြစ်ခဲ့တယ်။ ငါကိုယ့်ပေါ်က အမွေးတွေကိုကိုင်ဆွဲပြီး သူတို့ရဲ့ပထမခြေလှမ်းကို စလှမ်းခဲ့ကြတယ်။ သူတို့ရဲ့လက်ကလေးနဲ့ ငါမျက်စိကို ကိုင်ကြတယ်။ ငါ့နားရွက်ကိုဆွဲပြီး သူတို့ စူးစမ်းကြတယ်။ ငါ့နှာခေါင်းကို သူတို့ နမ်းရှုပ်ကြတယ်။ သူတို့ဘာလုပ်လုပ် ငါချစ်တယ်။ ငါ့ကို လာထိရင် ပိုချစ်တယ်။ ငါ့အတွက် နင့်အချိန်တွေက နည်းခဲ့ပြီလေ။ အသက်နဲ့လဲပြီး သူတို့ကို ငါ ကာကွယ်ပေးချင်ခဲ့တယ်။

သူတို့ရဲ့စောင်ထဲ ငါတွားဝင်ပြီး သူတို့ မကျေနပ်တာတွေ၊ သူတို့ရဲ့အိပ်မက်စကားကို နားထောင်၊ သူတို့နဲ့အတူ နင့်ရဲ့အိမ်အပြန် ကားစက်သံကို ငါစောင့်နေခဲ့တတ်တယ်။ အရင်တုန်းက သူငယ်ချင်းတွေက နင့်ကို အိမ်မှာခွေးမွေးထားလားလို့မေးရင် ပိုက်ဆံအိတ်ထဲက ငါ့ဓာတ်ပုံကို နင်ကပျာကယာထုတ်ပြပြီး ငါ့အကြောင်း နင်ပြောပြတတ်တယ်။ အခုတော့ “အင်း.. မွေးတယ်” ဆိုတဲ့ စကားတစ်ခွန်းပဲ နင်ဖြေပြီး စကားလမ်းကြောင်း လွှဲလိုက်တယ်နော်။ ငါဟာ နင့်ရဲ့“အသဲနှလုံး” ကနေ နင်မွေးတဲ့ “ခွေးတစ်ကောင်” ဖြစ်ခဲ့ရပြီလေ။ ငါ့အတွက် ကုန်ကျစရိတ်ကို နင်စတင် တွက်ချက်နေပြီဆိုတာ ငါရိပ်မိလိုက်တယ်။

အလုပ်ကိစ္စနဲ့ တစ်နယ်တစ်ကျေးကို နင်ပြောင်းရတော့မယ်။ ကုမ္ပဏီကပေးတဲ့ အဆောက်အအုံမှာ ခွေးမမွေးရဘူးတဲ့။ “မိသားစု” အတွက် နင်ရဲ့ဆုံးဖြတ်ချက် မှန်ခဲ့ပါတယ်။ ၀မ်းနည်းဖို့ကောင်းတာက ငါလည်း နင့်ရဲ့“မိသားစု”ဝင်ဆိုတာကို ဘယ်သူမှ သတိမရခဲ့ကြဘူး။

နင်နဲ့ ကားအတူ မစီးရတာကြာလို့လားမသိဘူး တိရစ္ဆာန် စောင့်ရှောက်ရေး အဖွဲ့ဆီ ငါ့ကို နင့်ကားနဲ့ သွားအပို့မှာ ငါအရမ်းပျော်ခဲ့တယ်။ အဲဒီကိုရောက်တော့ ကြောင်တွေ၊ ခွေးတွေရဲ့မျှော်လင့်ချက်မဲ့တဲ့ အနံ့၊ ကြောက်ရွံ့နံ့တွေက ငါနှာခေါင်းထဲ တိုးဝင်လာခဲ့တယ်။ ဖောင်တွေကို နင်ဖြည့်အပြီး “ ခင်ဗျားတို့ သူ့အတွက် အကောင်းဆုံးနေရာကို ပေးကြမယ်ဆိုတာ ကျွန်တော်သိတယ်” လို့ပြောတော့ နင့်စကားကို ၀န်ထမ်းတွေက ဂရုမစိုက်ဟန်နဲ့ ပုခုံးတွန့်ပြကြတယ်။ မွေးစာရင်းရှိပေမယ့် ငါ့လိုအရွယ် တိရစ္ဆာန်အတွက် နေရာတစ်နေရာရဖို့ဆိုတာ ခက်ခဲကြောင်း သူတို့ သိနေတယ်လေ။

“ဖေဖေ .. သားရဲ့ခွေးကို ယူမသွားစေနဲ့” လို့ သားက အော်တော့ ငါ့လည်ပတ်ကြိုးကို တင်းတင်းဖက်ထားတဲ့ သူ့လက်ချောင်းကို နင်ဆွဲဖြည်လိုက်တယ်။ သားလေးအတွက် ငါစိုးရိမ်တယ်။ ခုလေးတင်ပဲ နင်ပေးလိုက်တဲ့ သင်ခန်းစာအတွက် ငါစိုးရိမ်တယ်။ သူငယ်ချင်း၊ သစ္စာ၊ ချစ်ခြင်းမေတ္တာ၊ တာဝန်သိမှုနဲ့ ဘဝကိုလေးစားတန်ဖိုးထားမှုတွေအတွက် သူသံသယဖြစ်မှာကို စိုးရိမ်မိတယ်။ ငါ့အကြည့်ကိုရှောင်ပြီး လည်ပတ်နဲ့ ခါးပတ်ကြိုးကို နင်ထားခဲ့တယ်။ ငါ့ခေါင်းကိုပုတ်ပြီး နင်နှုတ်ဆက်လိုက်တယ်။ အစည်းအဝေးတစ်ခုအတွက် သိပ်မကျန်တော့တဲ့အချိန်ကို နင်ကြည့်လိုက်တယ်။ ငါ့မှာ အစည်းအဝေးမရှိဘူး။ ဒါပေမယ့် အတူတူပါပဲ... ခွဲရတော့မယ်။

နင်ထွက်သွားတော့ ၀န်ထမ်းတွေက နင်နယ်ပြောင်းရမယ်ဆိုတာကို ကြိုသိထားရက်နဲ့ ဘာကြောင့် ငါ့အတွက် ခိုနားစရာအိမ်ကို အစောကြီးကတည်းက မရှာခဲ့တာလဲလို့ ခေါင်းခါရင်း “ လုပ်ရက်တယ်ကွာ ”လို့ သူတို့ ညည်းကြတယ်။

ဝန်ထမ်းတွေ ငါတို့ကို စောင့်ရှောက်ပါတယ်။ နေ့တိုင်း အစာတွေကျွေးပေမယ့် ငါစားချင်စိတ်မရှိတာ ကြာခဲ့ပါပြီ။ စစချင်းက လူတွေ “လှောင်အိမ်” နား ကပ်လာပြီဆိုရင် နင်အထင်နဲ့ ငါပြေးပြီး သံဇကာအထိ သွားကြည့်မိတယ်။ အရာအားလုံးဟာ အိပ်မက်ဆိုးပဲ ဖြစ်လိုက်ပါတော့ကွယ်။ နောက်တော့ ငါ့ကို ခေါ်ယူကောက်မွေးမယ့်သခင်ကို ငါတောင့်တလာတယ်။ ဘယ်သူပဲဖြစ်ဖြစ် ငါ့ကို ဒီအိပ်မက်ဆိုးထဲကနေ လှုပ်နိုးနိုင်ရင်တော်ပါပြီ။ နောက်ဆုံးတော့ ငါဟာ ခွေးပေါက်စတွေလောက် ချစ်စရာမကောင်းတော့ဘူး ဆိုတာကို နားလည်လိုက်ပါတယ်။ “လှောင်အိမ်”ရဲ့ ထောင့်တစ်နေရာမှာပဲ ဆိတ်ငြိမ်စွာပဲ ငါ ကွေးနေခဲ့တော့တယ်။

အလုပ်မဆင်းခင် တစ်နေ့မှာ ငါ့ဆီလာနေတဲ့ခြေသံကို ငါကြားလိုက်တယ်။ ဝရံတာကျဉ်းကျဉ်းလေးကိုဖြတ်ပြီး သူ့နောက်ကို ငါလိုက်သွားတယ်။ အခန်းတစ်ခုထဲ ငါရောက်သွားခဲ့တယ်။ အဲဒီအခန်းက တိတ်ဆိတ်လွန်းတယ်။ သူက ငါ့ကို စားပွဲခုံတစ်လုံးပေါ်တင်ပြီး နားရွက်ကို ပွတ်သပ်ပေးနေတယ်။ မကြောက်ဖို့ ငါ့ကိုပြောတယ်။ ငါ့နှလုံးတွေ ထွက်ကျလုမတတ်ခုန်မိတယ်။ ဘာတွေများဖြစ်ဦးမလဲဆိုပြီး ဝေဒနာသက်သာအောင် ငြိမ်နေမိတယ်။ အလှောင်ခံခဲ့ရတဲ့နေ့ရက်တွေမှာ ငါ့ဘ၀က ထွက်ပေါက် မရှိသလောက်ပါပဲ။ လေးလံတဲ့လက်နဲ့ ဆေးထိုးအပ်ကို သူကိုင်လိုက်တာတွေ့တော့ ငါ့ရဲ့သဘာဝ စိုးရိမ်တတ်တဲ့စိတ်က ပြန်ထလာခဲ့တယ်။ နင့်ရဲ့စိတ်ကို ငါနားလည်ခဲ့သလို သူ့စိတ်မှာ ဘာတွေဖြစ်နေလဲဆိုတာကို ငါခံစားမိတယ်။ နင့်ကို နှစ်သိမ့်ခဲ့ဖူးသလို သူ့လက်ကို အသာလေး ငါလျက်ပေးနေလိုက်တယ်။

ငါ့အကြောထဲ ဆေးထိုးအပ်ကို ထိုးသွင်းလိုက်ချိန်မှာ နာကျင်မှုဒဏ်နဲ့အတူ အေးစက်တဲ့ဆေးရည်က ငါ့တစ်ကိုယ်လုံး ပြန့်သွားတော့တယ်။ ငါမောပြီ။ အိပ်ချင်ပြီ။ ငါလဲချလိုက်တယ်။ သူ့ရဲ့ကြင်နာတဲ့မျက်လုံးကိုကြည့်ပြီး “ လုပ်ရက်တယ်” လို့ ငါရေရွတ်လိုက်မိတယ်။

ငါပြောတာကို သူနားလည်တာလား၊ သဘောပေါက်တာလားတော့ မသိဘူး.. ငါ့ကိုဖက်ပြီး “ငါ စိတ်မကောင်းပါဘူး” လို့ သူပြောတယ်။ နာကျင်တာ၊ စွန့်ပစ်တာ၊ ညှင်းဆဲတာတွေကို ငါမခံစားရအောင် သူဒီလို လုပ်လိုက်ရတာပါလို့လည်း ငါကို အလျင်စလို ရှင်းပြရှာတယ်။ ငါသွားမယ့်နေရာမှာ မေတ္တာတွေ၊ အလင်းတွေ ပြည့်နှက်နေတယ်။ အဲဒီနေရာက ငါ့အတွက် အသင့်တော်ဆုံး နေရာပါပဲ။ နောက်ဆုံးထွက်သက်ကို ငါရှုသွင်းလိုက်တယ်။ အမြီးကိုခါရမ်းပြီး “လုပ်ရက်တယ်”ဆိုတဲ့ စကားဟာ သူ့ကို ပြောတာ မဟုတ်ကြောင့် ငါပြောပြချင်တယ်။ အဲဒီစကားက ငါ့ရဲ့အချစ်ဆုံး အရှင်သခင် နင့်အတွက်ပေါ့။ နင့်ကို ငါအမြဲ သတိရနေပါ့မယ်။ အစဉ်စောင့်နေပါ့မယ်။


မူရင်းစာရေးဆရာ --- Jim Willis “How could you”

ဘာသာပြန်
နိုင်းနိုင်းစနေ (Tuesday, June 05, 2007)

No comments:

Post a Comment